Karenni

 ငွေတောင်ဆည်


သင်ဟာ ကယားပြည်နယ်ကို လာလည်တဲ့သူတစ်ယောက် ဖြစ်မယ်ဆိုရင် လွိုင်ကော်နဲ့ ဒီမောဆို နှစ်မြို့ကိုတော့ သေချာပေါက်ရောက်မှာပဲဖြစ်ပါတယ်။ လွိုင်ကော်ကနေပြီး ဒီမောဆိုကို သွားမယ်ဆိုရင် ဒီမောဆိုမြို့ဝင်ဝင်ချင်းမှာတင် ငွေတောင်ဆည်ဆိုပြီး လှပစွာ ရေးထားတဲ့ ဆည်ကြီးတစ်ဆည်ကို မြင်ရပါမယ်။ 


ငွေတောင်ဆည်ကို ၁၉၆၂ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အတွင်းမှာ ငွေကျပ် ၂၀.၁၇ သန်း အသုံးပြုပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ငွေတောင်ဆည်ကိုဆောက်တဲ့ကာလဟာ ၁၉၆၂-၆၅ ဖြစ်တာကြောင့် တစ်နည်းအားဖြင့် ၆၂ ခုနှစ်အာဏာသိမ်းပြီး နေဝင်းရဲ့ မဆလ ခေတ်မှာ ဆောက်ခဲ့တာဖြစ်တယ်။ တည်ဆောက်ခဲ့တာ ဖြစ်တဲ့အတွက် ငွေတောင်ဆည်ဟာ သဘာဝမဟုတ်ဘဲ လူလုပ်ဆည်လို့ ယူဆလို့ ရနိုင်ပါတယ်။ အလျားပေ ၆၀၀၀၊ အမြင့်ပေ ၃၅ ပေ၊ ကန်ရေပြင် ဧက ၆၂၀ ရှိပြီး ဧက ၈၉၂၀ အထိ သိုလှောင်နိုင်တဲ့ ငွေတောင်ဆည်ကို တည်ဆောက်တုန်းက လယ်မြေဧက ၆၀၀၀ ကို ရေပေးသွင်းဖို့အတွက် ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာဖြစ်တယ်။ လက်ရှိမှာတော့ မိုးရရှိမှုအပေါ်မူတည်ပြီး ဧက ၃၀၀ နဲ့ ၆၂၉၀ ကြားရှိတဲ့ လယ်မြေတွေကို ရေပေးသွင်းလျက်ရှိပါတယ်။


ရိုးရိုးရေပေးသွင်းနေတဲ့ဆည်ကို လူတွေဘာကြောင့် သွားလည်ကြသလဲလို့ စဉ်းစားမိနေပါသလား? ငွေတောင်ဆည်ဟာ ရိုးရိုးရေပေးသွင်းရုံတင်မကဘဲ ဆည်ရဲ့ ဘောင်တစ်လျှောက်မှာ ထိုင်ခုံများ၊ အားကစားလုပ်ရန် ပစ္စည်းများ ထားပေးထားတာကြောင့် ညနေညခင်း လေကောင်းလေသန့်ရှူရင်း လမ်းလျှောက်လို့ ကောင်းတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။ ဒါ့အပြင် ဒီမောဆိုဈေးနဲ့လည်း မလှမ်းမကမ်းမှာတင်ရှိတာကြောင့် ဒီမောဆိုဈေးကအပြန် သို့မဟုတ် အသွားမှာ ဝင်အပန်းဖြေသင့်တဲ့ နေရာတစ်ခုပေါ့။ နေ့လည်နေခင်းဆိုရင်တော့ ဆည်အနားမှာ ဆင်တွေကိုလည်း တွေ့ရနိုင်ပါတယ်။ 


နောက်ထပ် ငွေတောင်ဆည်ကနေ ကြည့်လိုက်ရင် ထူးခြားတဲ့အရာကတော့ ဆည်ကြီးရဲ့ နောက်ခံရှုခင်းဖြစ်နေတဲ့ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်တို့ပဲ ဖြစ်ပါတယ်။ ပါးစပ်ရာဇဝင်တွေအရ အရင်က ရွှေတောင်မှာ ရွှေထွက်ပြီး ငွေတောင်မှာ ငွေ၊ ပတ္တမြားတောင်မှာ ပတ္တမြားအသီးသီးထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ပွဲလန်းသဘင်တွေရှိတဲ့အခါ ဆိုင်ရာ ပိုင်ရာတွေဆီမှာ ခွင့်တောင်းပြီး ရွှေ၊ ငွေ၊ ပတ္တမြားတွေကို ငှားရမ်းလို့ရပေမယ့် ခေတ်ကာလကြာလာတာနဲ့အမျှ လူတွေဟာ ကတိမတည်ဘဲ ငှားရမ်းထားတာကို ပြန်မပေးတဲ့အတွက် ဆိုင်ရာပိုင်ရာတွေက စိတ်ဆိုးပြီး တောင်တွေကို ပိတ်ပစ်လိုက်တယ်လို့ဆိုပါတယ်။ ဒါဟာ ကယားပြည်နယ်က ကလေးတွေအတွက် စိတ်ဝင်စားစရာ အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဖြစ်နေခဲ့၊ ဖြစ်နေဆဲပါပဲ။ 


Comments

  1. နောက်ကတောင်းတန်းပေါ့။

    ReplyDelete
  2. အရေးတော်ပုံကြီးပြီးရင် လာလည်ချင်ပါတယ်❤️

    ReplyDelete
  3. ကရင်နီကို respect ဘဲဗျာ

    ReplyDelete
  4. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete

Post a Comment

Popular posts from this blog