karenni

 တောင်ကွဲစေတီ

 

(မှတ်ချက်။  ။ ယခုအကြောင်းအရာများသည် ပါးစပ်ရာဇဝင်များအပေါ် မူတည်၍ ရေးထားခြင်းဖြစ်သည်။ သမိုင်းဆိုင်ရာ အချက်အလက်များဖြင့် ကိုးကားထားခြင်း မဟုတ်ပါ။)

 

ဟိုးအရင်က မြဝတီက ၈ နာရီ ကိုးရီးယားဇာတ်လမ်းတွဲပြီးလို့ သတင်းလာရင် ကယားပြည်နယ်ကို တောင်ကွဲစေတီပုံနဲ့ ပြလေ့ရှိတယ်။ ပြက္ခဒိန်တော်တော်များများမှာလည်း ထည့်သွင်းဖော်ပြလေ့ရှိတာ ကြောင့် တောင်ကွဲစေတီက အများစုနဲ့ တရင်းတနှီးရှိလိမ့်မယ်ထင်ပါတယ်။ ကယားပြည်နယ်သူ၊ ပြည်နယ်သားများနှင့်လည်း တောင်ကွဲစေတီက စိမ်းမယ်မထင်ပါဘူး။ ပြည်နယ်ရဲ့ အထင်ကရနေရာတစ်ခု ဖြစ်နေတာကိုး။ 

 

သို့သော် သိပ်ပြီး သိလေ့မရှိကြတာက တောင်ကွဲစေတီက ဘာလို့ တောင်ကွဲစေတီဖြစ်နေရသလဲ။ သူနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းက ဘာတွေရှိမလဲဆိုတာပါ။ 

 

ပထမဆုံးကတော့ တောင်ကွဲစေတီ တောင်ခြေကို ရောက်တာနဲ့ ကျောက်ဖျာကနေ လှေကိုယ်တစ်ပိုင်းထွက်နေတဲ့ နေရာကို မြင်ရပါလိမ့်မယ်။ ဒီနေရာကို ကြည့်ပြီး ပြောစမှတ်တွင်တဲ့ ပါးစပ်ရာဇဝင်ကတော့ တစ်ချိန်က ယခု တောင်ကွဲစေတီရှိရာအရပ်ဟာ ရေတွေနဲ့ ဖုံးနေခဲ့တယ်လို့ ဆိုပါတယ်။ တစ်နေ့မှာ လှေတစ်စင်းဟာ ဒီနေရာကို ဖြတ်ရင်း ကျောက်ဆောင်ကို တိုက်မိရာကနေ လှေထက်ပိုင်းကျိုးပြီး ကျောက်ဆောင်လည်း နှစ်ခြမ်းကွဲသွားရာကနေ တောင်ကွဲစေတီ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါက ပထမ ပါးစပ်ရာဇဝင်ပါ။

 

ဒုတိယပါးစပ်ရာဇဝင်ကတော့ ၂၀၁၀ ခုနှစ်မတိုင်ခင်က တောင်ကွဲစေတီမှာ ဆွမ်းဆန်စိမ်းလောင်းပွဲ တစ်ခုက ဝေတဲ့ စာရွက်တစ်ခုမှာ ဖတ်ခဲ့ရတာပါ။ ပြန်ရှာလို့တော့ မရတော့ဘူး။ အဲ့ဒီစာရွက်မှာ ဆိုတာကတော့ အရင်က တောင်ကွဲစေတီနေရာမှာ သူဌေးကြီး နှစ်ပါးက အိမ်နှစ်ဆောင်အတူဆောက် နေကြတယ်။ တစ်ယောက်က တောင်အောက်မှာ နေပြီး တစ်ယောက်က တောင်ပေါ်မှာ နေတယ်။ သူတို့ နှစ်ယောက်ဟာ ပိုင်ဆိုင်မှုချင်း ပြိုင်ဘက်တွေ ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အညှိုးအတေး ထားကြပါတယ်။ တစ်နေ့ကျတော့ သူဌေးတစ်ဦးရဲ့သမီးနဲ့ နောက်သူဌေးရဲ့ သားနဲ့က ချစ်ကျွမ်းဝင်နေတာကို ဖခင်ဖြစ်တဲ့ သူဌေးနှစ်ယောက်က သိသွားကြပါတယ်။ အဲ့ဒီမှာ ပထမဦးဆုံးအနေနဲ့ သားရှင်ဖြစ်တဲ့ တောင်ပေါ်သူဌေးက သူ့သားကို ကြိုက်တဲ့ ရန်သူ့သမီးကို သတ်မယ်အလုပ်မှာ သားဖြစ်သူက ချစ်သူမိန်းကလေးအစား ဖခင်ရဲ့ ဓားသွားထက်မှာ ဝင်အသေခံလိုက်တဲ့အတွက် သားဖြစ်သူ သေဆုံးသွားခဲ့ရပါတယ်။ ကျန်ရစ်သူ မိန်းကလေးဟာလည်း ချစ်သူရဲ့ ရုပ်အလောင်းကို ကြည့်ကာ မစားသောက်မနိုင်နိုင်ဖြစ်ပြီး ရင်ကွဲနာကျကာ သေဆုံးသွားပါသတဲ့။ သမီးဖြစ်သူ သေဆုံးခံလိုက်ရတဲ့ တောင်အောက်သူဌေးဟာ ဒီလိုဖြစ်ရတာကို တောင်ပေါ်သူဌေးရဲ့ အမှားကြောင့်လို့ သတ်မှတ်ပြီး တောင်အောက်ကနေ မြှားနဲ့ တောင်ပေါ်ကို လှမ်းပစ်ရာကနေ တောင်ဟာ ကွဲသွားပြီး တောင်ကွဲစေတီရယ်လို့ ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ 

 

ဒါ့အပြင် တောင်ကွဲစေတီကို ချစ်သူစုံတွဲတွေ သွားရင် ပြတ်တတ်တယ်လို့ ဆိုရတာဟာလည်း တောင်အောင်သူဌေးရဲ့ သမီးဖြစ်သူက သူ့ချစ်သူသေဆုံးသွားပြီးနောက်မှာ အမုန်းစိတ်နဲ့ ကျိန်စာတိုက်ခဲ့တာကြောင့်လို့ ဆိုကြပါတယ်။

 

တောင်ကွဲစေတီနဲ့ ပတ်သက်ပြီး နောက်ထပ်ထူးဆန်းတဲ့ ယုံတမ်းစကားတစ်ခုကတော့ တောင်ထိပ်က view point ကနေကြည့်ရင် မြင်ရတဲ့ ခြေရာခွက်ကြီးတစ်ခုပါ။ ကျန်စစ်သားခြေရာ သို့မဟုတ် ဘီလူးခြေရာလို့တော့ သိကြမယ်ထင်ပါတယ်။ သို့သော် တစ်ချို့သူတွေကလည်း ဒါဟာ ထွင်းထားတဲ့ပုံ ပေါ်တယ်ဆိုပြီး ပြောကြပါတယ်။ သို့သော် ဘယ်သူမှ အမှန်ကိုမသိသေးတဲ့ အရာတစ်ခုပါပဲ။ 

 

ဒီအကြောင်းတွေကို သိထားမယ်ဆိုရင် တောင်ကွဲစေတီကို သွားလည်တဲ့အခါ ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေမယ်လို့ ယုံကြည်ပါတယ်။ 

 

(ယုံတမ်းစကားများသာ ဖြစ်သည်။ သမိုင်းဆိုင်ရာအချက်အလက်များကို ကိုးကားထားခြင်းမဟုတ်ပါ။)



Comments

  1. ရာဇဝငဘယ်လိုရှိရှိ အခုချိန်မှာ လည်ပတ်ဖို့ကောင်းတဲ့နေရာလေးဖြစ်နေဖို့ပါပဲ

    ReplyDelete
  2. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
  3. ညဘက် မီးထွန်းထားရင် တော်တော်လှတယ်။

    ReplyDelete

Post a Comment

Popular posts from this blog