Karenni

 ကျတ်ဂူ 

 

ကယားပြည်နယ်က ခေါင်းတလားတွေရှိတဲ့ ဂူတစ်လုံးအကြောင်းကြားဖူးပါသလား သို့မဟုတ် စိတ်ဝင်စားပါသလား။ ဒီဂူကို ကျတ်ဂူလို့ ခေါ်ပါတယ်။ 

 

ကျတ်ဂူဟာ လွိုင်ကော်ကနေ မိနစ် ၂၀  လောက်မောင်းရင် ရောက်တဲ့နေရာမှာ တည်ရှိပါတယ်။ လမ်းခရီးက လူအနည်းငယ်ပြတ်ပြီး တောလို့ ယူဆရတဲ့ နေရာကို မိနစ်ပိုင်းမျှဖြတ်သွားရတာကြောင့် ကားနဲ့သွားရင်တော့ ပိုအဆင်ပြေပါတယ်။ ဒီနေရာဟာ ၂၀၁၃ ခုနှစ် မတိုင်ခင်လောက်အထိ တိုင်းရင်းသား ထိန်းချုပ်နယ်မြေဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်လောက်ကမှ စတင် လည်ပတ်သွားလာလို့ရတဲ့ နေရာဖြစ်လာခဲ့တာပါ။

 

ကျတ်ဂူမှာလည်း အခြားသော ထင်ရှားတဲ့ ဂူများလိုပင် ဂူထဲမဝင်ခင်တွင် ဘုန်းကြီးတစ်ပါးသီတင်းသုံးတဲ့ ကျောင်းသင်္ခမ်းရှိပါတယ်။ ကျတ်ဂူဝင်းအတွင်းကို ရောက်ပြီးရင် လှေကားထစ်အနည်းငယ်ကို တက်ပြီးတာနဲ့ ဘုန်းကြီးကျောင်းကို မြင်ရမှာပဲဖြစ်ပါတယ်။ 

 

ကျတ်ဂူက ပင်းတယကဲ့သို့သော ဂူများကဲ့သို့ အများကြီးပြုပြင်ထားခြင်း မရှိတာကြောင့် လှေကား၊ တံတားများကို အဝင်ဝလောက်မှာပဲ တွေ့နိုင်ပြီး ကျန်တဲ့ အတွင်းပိုင်းတွေမှာ မြေသားနဲ့ ကျောက်တွေအပေါ် နင်းလျှောက်ရတာသာ များမှာဖြစ်ပါတယ်။ လျှပ်စစ်မီးလုံးတချို့ တပ်ဆင်ထားပေမယ့် ကိုယ့်ဓာတ်မီးနဲ့ကိုယ် ဆောင်ယူသွားတာက ပိုကောင်းပါလိမ့်မယ်။ ကျောက်စက်ပန်းဆွဲနဲ့ ကျောက်စက်မိုးမျှော်တွေလည်းရှိပြီး လှပတဲ့ ကျောက်ဖျာတစ်ချို့လည်းရှိပါတယ်။ ဂူအရိုင်းဖြစ်တာကြောင့် လင်းနို့နဲ့ တစ်ခါတလေ မြွေတွေကိုလည်း တွေ့ရတတ်ပါတယ်။ 

 

ဒီဂူရဲ့ ထူးခြားချက်ကတော့ ဂူတွင်းမှာ ခေါင်းတလားတွေ ရှိနေတာပဲဖြစ်ပါတယ်။ ခေါင်းတလားတွေက သာမန် အခေါင်းတွေထက် ပိုကျဉ်းမြောင်းပြီး အလျားပိုရှည်တာကို တွေ့ရပါတယ်။ ဒါ့အပြင် သာမန်လူ တက်လို့မလွယ်တဲ့ အမြင့်တွေမှာရှိနေတဲ့ တချို့ ခေါင်းတလားတွေကိုလည်း တွေ့ရပါတယ်။ ပါးစပ်ရာဇဝင်အရတော့ အရင်က စော်ဘွားတွေဟာ စစ်ဖြစ်တာ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေရှိခဲ့ တာကြောင့် ဒီဂူမှာ တိမ်းရှောင်ခဲ့ကြပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ခေါင်းတလားထဲ ထည့်ပြီး သယ်ဆောင်ကြတယ်လို့ဆိုပါတယ်။ တချို့အဆိုအရလည်း စော်ဘွားတွေ ကွယ်လွန်တဲ့အခါ ခေါင်းတလားထဲကို လူရုပ်အလောင်းအပြင် ကြက်အစရှိတဲ့ ပိုင်ဆိုင်မှုတွေကိုပါ ထည့်ပေးရတာကြောင့် ခေါင်းတလားတွေဟာ အလျားပိုရှည်နေတာဖြစ်တယ်လို့ဆိုကြပါတယ်။ ဒီဂူမှာပုန်းရှောင်၊ ဒီဂူမှာပဲ ကွယ်လွန်ခဲ့ကြတယ်လို့ ဆိုလိုကြတာဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ဘာကြောင့် ခေါင်းတလားတွေက လူတွေ မတက်နိုင်တဲ့ အမြင့်တွေမှာ တင်နေတတ်သလဲဆိုတာရယ်၊ ဒီခေါင်းတလားတွေကို ဘယ်သူလာထားသွားသလဲဆိုတာရယ်၊ ဒီဂူကို ဘာကြောင့် ကျတ်ဂူလို့ ခေါ်လဲဆိုတာရယ်ကို ဆက်စပ် စဉ်းစားလို့ ရနိုင်ပါတယ်။ 

 

ကျတ်ဂူဆိုတဲ့အတိုင်း သဘာဝလွန်ဖြစ်ရပ်တွေရှိခဲ့တာလည်း ရှိပါတယ်။ အိပ်မက်ပေးတာတွေအပြင် ဝင်ပူးတဲ့ ကိစ္စတွေက မကြာခဏ ကြားရတတ်လေ့ရှိပါတယ်။ တကယ်ဟုတ်သလား၊ မဟုတ်လားကတော့ ပိုပြီး အသေးစိတ်မေးမြန်းဆွေးနွေး ဝေဖန်သုံးသပ်မှ ရပါလိမ့်မယ်။ အင်္ကျီအဖြူနဲ့ အမျိုးသမီးတွေကို တွေ့ရလေ့ရှိသလို ဇာတ်လမ်းတွေကိုလည်း ကြားရလေ့ရှိတတ်ပါတယ်။ 

 

တချို့ကတော့ ကျတ်ဂူက ပင်းတယအထိပေါက်တယ်၊ အင်းလေးအထိပေါက်တယ် စသဖြင့် ပြောကြပေမယ့် ကျတ်ဂူရဲ့ အဆုံးကို ရောက်ဖူးသူမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘာ အောက်ဆီဂျင်၊ ဘာပစ္စည်းမှ မပါဘဲ ရောက်နိုင်တဲ့ နေရာရဲ့ အလွန်မှာ ကျောက်ရေတွေနဲ့ ပြည့်နေပြီး ရေကူးသွား၍ သော်လည်းကောင်း၊ ရေငုပ်ပစ္စည်းများနှင့်သော်လည်းကောင်း ဆက်သွားမှ ရမှာမလို့ဖြစ်ပါတယ်။ နိုင်ငံခြားသားတစ်ယောက်က ကျတ်ဂူအဆုံးထိရောက်ဖူးတယ်လို့ ပြောကြပေမယ့် အဲ့ဒီနိုင်ငံခြားက ဘယ်သူလဲဆိုတာရယ်၊ သူ့ရဲ့ စွန့်စားခန်းတွေ အကြောင်းကိုတော့ တိတိပပမကြားဖူးကြပါဘူး။ 

 

ကျတ်ဂူနဲ့ပတ်သက်ပြီးတော့ ဖွံ့ဖြိုးမှုနှောင့်နှေးတာကြောင့် ကောင်းတဲ့အချက်ကတော့ သဘာဝအတိုင်း ကျန်နေသေးတဲ့ ဂူတစ်လုံး ဖြစ်ပြီး မြင်မြင်ရာဘုရားတည်ထားတဲ့ ဂူတစ်လုံးမဖြစ်သေးတာက ကောင်းတဲ့အချက်လို့ ဆိုရပါမယ်။ မကောင်းတာကတော့ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းနဲ့အတူ ကျတ်ဂူရဲ့သမိုင်းနဲ့ ပါးစပ်ရာဇဝင်တွေကို စုစည်းတာတွေ မလုပ်နိုင်သေးတာပါပဲ။ ဒီဆောင်းပါးမှာတော့ လက်လှမ်းမှီသမျှကို မေးမြန်းပြီး ရေးသားတင်ပြထားတာပဲ ဖြစ်ပါတယ်။ 



Comments

  1. ကြောက်တော့ကြောက်ပေမယ့် တော်လှန်ရေးနိုင်ပြီး ပိုက်ဆံရှိရင် လာလည်မယ်ဗျာ

    ReplyDelete
    Replies
    1. လူက ၃ ယောက်ထဲ သွားတော့ ကြောက်လို့ မသွားခဲ့ရဘူး။

      Delete
    2. နောက်တစ်ခါကျ လူအများကြီးခေါ်သွားဗျာ ^^

      Delete
  2. ထီးဆဲခါးတော့ သွားခဲ့တယ်။
    နောက်တခေါက် လာခြင်သေးတယ်။

    ReplyDelete
  3. our beautiful land. proud of it.

    ReplyDelete
  4. တခါမှမရောက်ဖူးဘူး သူရဲကောင်းတွေဆီအလည်လာဦးမယ်

    ReplyDelete
  5. တစ်ခါရောက်ဖူးတယ် စိတ်ဝင်စားဖို့ကောင်းတဲ့နေရာပါ

    ReplyDelete
  6. ရောက်ဖူးတယ်။ ရာဇ၀င်တွေကြားပြီး ကြောက်လို့ နည်းနည်းပဲ၀င်ပြီး ပြန်ထွက်လာခဲ့တာ။
    မှောင်မဲနေတာပဲ အရမ်းကြောက်ဖို့ကောင်းတယ်။

    ReplyDelete
  7. မရောက်ဖူးသေးဘူးအရေးတော်ပုံပြီးသွားရင်သူရဲကောင်းတွေဆီကိုလာလည်မယ်

    ReplyDelete
  8. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
    Replies
    1. ကယားပြည် မ​ရောက်ဖူး​သေးဘူး

      Delete
    2. ဗဟုသုတရပါတယ်.. များများတင်​ပေးပါ

      Delete
  9. ရောက်ဖူးတယ်
    ချစ်ဖို့ကောင်းတဲ့ အေးချမ်းတဲ့ သွေးချင်းတို့မြေ
    အားတင်းထားပါ

    ReplyDelete
  10. အားတင်းထားပါ သွေးချင်းတို့ရေ

    ReplyDelete

Post a Comment

Popular posts from this blog