idpsandpdf

 ၉ 

 

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ ၉ ဂဏန်းဟာ ထိလွယ်ရှလွယ်ဖြစ်တဲ့ ဂဏန်းတစ်ခု ဖြစ်ပါတယ်။ ဥပမာ ခရီးသွားလို့ ကားတစ်စီးတည်း လူ ၉ ယောက်ဖြစ်နေလျှင်၊ သို့မဟုတ် ခရီးစဉ်တစ်ခုလုံးမှာ လူ ၉ ယောက်ဖြစ်နေလျှင် ကျောက်ခဲလေးတစ်လုံးကို “ကျောက်ခဲလေးရေ.. ငါတို့နဲ့လိုက်ခဲ့” ဆိုပြီး ယူဆောင်သွားလေ့ရှိကြပါတယ်။ ဒီဓလေ့က ဘာကြောင့်ဖြစ်လာပါသလဲ။ 

 

ကိုးမြို့ရှင်သည် လူဖြစ်စဉ်က ပန်းတောင်းပြည်မှ မင်းလှစည်သူ၏ သားတော်တစ်ပါးဖြစ်ခဲ့ပြီး နှမတော် ပုလဲယဉ်နှင့်အတူ နေထိုင်ခဲ့သည်။ ပုခန်းမင်းကျော်စွာ၏ ပုန်ကန်မှုကြောင့် ကိုးမြို့ရှင်သည် ညီမတော် ပုလဲယဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်ရာမှ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း (လက်ရှိ ကယားနှင့် ရှမ်း) သို့ရောက်ကာ နတ်ဖြစ်ရသည်ဟု ဆိုသည်။ ကိုးမြို့ရှင်နှင့် ပုလဲယဉ်၏ သမိုင်းသည်လည်း ပါးစပ်ရာဇဝင် သာသာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး သမိုင်းမူကွဲများစွာရှိသည့်အတွက် ဤနေရာတွင် မဖော်ပြလိုပေ။ အချို့က ကိုးမြို့ရှင်နှင့် ပုလဲယဉ်ကို ပုန်ကန်သတ်ဖြတ်သည့် ပုခန်းမင်းကျော်စွာသည် ကိုကြီးကျော်ဟု နာမည်ကြီးသော နတ်ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်၍ ကိုကြီးကျော်ကို ကိုးမြို့ရှင်၏ အပိုင်စားနယ်မြေများ ဖြစ်သော ရှမ်းကယားတို့တွင် ကိုးကွယ်မှုနည်းသည်ဟု ဆိုကြပြန်သည်။ 

 

ကိုးမြို့ရှင်သည် အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းတွင် မပါဝင်ပေ။ မြန်မာ့ရိုးရာအစဉ်အလာအရ ဆိုသော် ထိုသို့ပါဝင်ခြင်းမရှိသည့်အတွက် နတ်ကောင်းနတ်မြတ်ဖြစ်သည်ဟု အလုံးစုံမဆိုနိုင်ပေ။ ဤသို့ပြောလျှင် ကိုးကွယ်သူများ၏ အမျက်ရှနိုင်၏။

 

အထက်တွင် ဖော်ပြပြီးသည့်အတိုင်း ရှမ်းကယားသည် ကိုးမြို့ရှင်၏ အပိုင်စားနယ်မြေဖြစ်သည့်အတွက် ၉ ဂဏန်းကို ရှောင်ကြဉ်၍ နေထိုင်ကြရသည်။ ခရီး ၉ ယောက်သွားလျှင် ဘေးအန္တရာယ်ကြုံရတတ်ခြင်း၊ လူ ၉ ယောက်စုလျှင် ခိုက်ရန်ဖြစ်ပွားတတ်ခြင်း စသဖြင့် ကြုံတွေ့ရတတ်၏။ 

 

လွိုင်ကော်မြို့တွင် ကိုးမြို့ရှင် နတ်နန်းတစ်ခုရှိပြီး ဆယ်တန်းဖြေဆိုချိန်များတွင်တော့ ကိုးမြို့ရှင် နတ်နန်းသည် အုန်းသီးများဖြင့် စိမ်းစိမ်းဝေသည့်အချိန်ဖြစ်သည်။ ထူးခြားသည်မှာ ကိုးမြို့ရှင်နတ်သည် အရက်သေစာမကြိုက်သော နတ်ဖြစ်သည်။ အချို့က ကိုးမြို့ရှင်နှင့် ကိုကြီးကျော်သည် အချင်းချင်း မတည့်သည့်အတွက် ကိုကြီးကျော်ကြိုက်နှစ်သက်လှသည့် သေရည်အရက်ကို ကိုးမြို့ရှင်က မနှစ်သက်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ 

 

သို့သော် ၉ နှင့်ပတ်သက်သည်များကို ရှောင်ရသော ကိစ္စမှာမူ တကယ်ပင်ရှိသည်။ 

 

တစ်ဖက်ကစဉ်းစားကြည့်ပါလျှင်လည်း ခရီးသွားရာ၌ လူ ၉ ယောက်ဖြစ်နေ၍ ကျောက်ခဲကို ကောက်ကာ “ငါတို့နှင့်လိုက်ခဲ့” ဟု ဆိုခြင်းသည် သေချာစဉ်းစားကြည့်ပါက ကြက်သီးမွှေးညှင်းထချင်စရာ ကောင်းလှသည်။ ကျောက်ခဲထဲ မည်သူ့ကို ခေါ်ထည့်ခဲ့သနည်းဟု တွေးကြည့်ပါက ပိုဆိုးသည်။ ဒါ့အပြင် ကျောက်ခဲကို မခေါ်လျှင် အန္တရာယ်များသလို ခရီးစဉ်ပြီးလျှင်လည်း ကျောက်ခဲလေးကို ကျေးဇူးတင်စကား ပြော၍ ပြန်လွှတ်ရမည်ဖြစ်သည်။ ကျောချမ်းစရာကောင်းလှပါတကား..။



Comments

  1. yeah I heard about that too.. my grandma told us to do that when 9 of us went a road trip..

    ReplyDelete
  2. 😳 နတ်တွေ က အဲရောက်သွားတာလား?

    ReplyDelete
    Replies
    1. လှည်း ၄
      လှေ ၆
      ကား ၉
      လို့လဲ ကြားဘူးတယ်။

      Delete
  3. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete

Post a Comment

Popular posts from this blog