For IDPs and PDF

 လွိုင်ကော်

 

ကျွန်မတို့တွေ တစ်ခါတလေကျရင် “ငါတော့ ဘယ်မြို့မှာ အခြေချချင်တယ်” ဆိုပြီး တွေးမိလေ့ရှိကြတယ်။ သို့မဟုတ် “အားလပ်ရက်ကျရင် ဘယ်မြို့ကို သွားလည်ချင်တယ်” ဆိုပြီး စိတ်ကူးယဉ်လေ့ရှိကြတယ်။ စိတ်ကူးဆိုတဲ့ အတိုင်းတစ်ခါတလေလည်း အကောင်အထည်ပေါ်တယ်၊ တစ်ခါတလေလည်း အကောင်အထည်ပေါ်လာဖို့ကို အတော်ကြိုးစားယူရမယ်ပေါ့။ သင့်ရဲ့ စိတ်ကူးထဲက သွားလည်ချင်တဲ့မြို့၊ သို့မဟုတ် အခြေချချင်တဲ့ မြို့က လွိုင်ကော်မြို့ဖြစ်ခဲ့ဖူးပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် စိတ်ဝင်စားစရာဆောင်းပါးလေးတစ်ပုဒ် ဖြစ်နိုင်ပါတယ်။

 

လွိုင်ကော်ဆိုတဲ့ အဓိပ္ပာယ်က “လွိုင်= လှိုဏ်ဂူများ”၊ “ကော်= ပေါကြွယ်ဝသော” တစ်နည်းအားဖြင့် လှိုဏ်ဂူများပေါကြွယ်ဝသောမြို့လို့ အဓိပ္ပာယ်ရပါတယ်။ အခြားနာမည်အနေနဲ့ဆိုရင်တော့ “ကန္နရဝတီ” လို့လည်း ခေါ်လေ့ရှိကြပါတယ်။ တစ်ချိန်တစ်ခါက ကိန္နရီ၊ ကိန္နရာတို့စံပျော်ရာ ဒေသလို့ အဓိပ္ပာယ် ရပါတယ်။ ပြည်နယ်ရဲ့ အမှတ်သင်္ကေတတိရစ္ဆာန်ဟာလည်း ကိန္နရီ၊ ကိန္နရာပဲ ဖြစ်ပါတယ်။ 

 

ကရင်နီ သို့မဟုတ် ကယားပြည်နယ်ရဲ့ မြို့တော်မှာ ပင်လယ်ရေမျက်နှာပြင် ၂၉၅၀ ပေအမြင့်မှာရှိပြီးတော့ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဘက်က မြို့တစ်မြို့ဖြစ်ပါတယ်။ သမိုင်းကြောင်းအရဆိုရင် အနောက်ကရင်နီမှ ခွဲထွက်ကာ သံလွင်မြစ်အရှေ့ဘက်မှာ တည်ထားခဲ့တဲ့ လွိုင်ကော်မြို့ဟာ အရှေ့ကရင်နီပြည်ရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင်း ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်စခဲ့သလို များမကြာမီမှာပဲ ကရင်နီပြည်ရဲ့ တော်လှန်ရေးဟာလည်း စတင်ခဲ့ပါတော့တယ်။ လွိုင်ကော်ဟာ ကယားပြည်နယ်ရဲ့ မြို့တော်ပါလို့ တရားသေသတ်မှတ်ပြီး ဗဟိုကနေ စီမံခန့်ခွဲတဲ့ အုပ်ချုပ်ရေးတွေ စတင်ခဲ့တဲ့ အချိန်ကိုတော့ ၁၉၆၂ ခုနှစ် နေဝင်းအာဏာသိမ်းပြီးမှ စတယ်လို့ ဆိုရပါမယ်။ ဒါကြောင့် လွိုင်ကော်မြို့ စတင်တည်ထောင်ခဲ့ပုံ သမိုင်းဟာ အရှေ့ကရင်နီစတင်တည်ထောင်တဲ့ သမိုင်းနဲ့ အတူတူပဲလို့ ဆိုလို့ရနိုင်ပါတယ်။

 

လွိုင်ကော်ကို နောင်ယား၊ ဒေါဥခူ၊ မင်္ဂလာ၊ မိုင်းလုံး၊ ဓမ္မာရုံ၊ စျေးပိုင်း၊ ရွှေတောင်၊ လောဓမ္မ၊ ဒေါတမ္မ၊ ဒေါနိုးကူး၊ ရှမ်းစု၊ မင်းစုစတဲ့ ရပ်ကွက် ၁၃ ခုနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာတော့ နာနတ်တော၊ ပန်းသီရိဒေါ၊ နမ့်ကွတ် အစရှိတဲ့ တိုးချဲ့ရပ်ကွက်တွေ ပေါ်လာခဲ့ပါတယ်။ 

 

လွိုင်ကော်ကို လာဖို့ သူငယ်ချင်းမိတ်ဆွေတွေကို ဆွဲဆောင်ရမယ်ဆိုရင် အဓိက ၃ ခုနဲ့ ဆွဲဆောင်ရပါလိမ့်မယ်။ နံပါတ်တစ် အစားအသောက်၊ နံပါတ် ၂ လည်ပတ်စရာ နေရာတွေနဲ့ နံပါတ် ၃ ရိုးရာယဉ်ကျေးမှုတွေပဲ ဖြစ်ပါတယ်။ 

 

အစားအသောက်ကို ပြောမယ်ဆိုရင်တော့ လွိုင်ကော်လို့ပြောလိုက်တာနဲ့ ကယားဝက်အူချောင်းနဲ့ ဟင်းထုပ်က မမြင်မဖြစ်ပါပဲ။ ဦးထွန်းရ ဟင်းထုပ်၊ အိုပါးသင်္ဘောသီးထောင်းနဲ့ ဟင်းထုပ်ဆိုင်တွေက ရောက်တုန်းစားသင့်တဲ့ ဆိုင်တွေပါပဲ။ ခေါင်ရည်ဆိုင်တွေမှာ ရလေ့ရှိတဲ့ ကယားဆန်ပြုတ်၊ အမဲအူပြုတ်၊ အမဲအူသုတ်၊ ဝက်သားနဲ့ပတ်သက်တဲ့ အမယ်တွေကလည်း လွိုင်ကော်ရဲ့ အရသာတစ်မျိုးပါပဲ။ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး စတာတွေကလည်း တစ်မြို့နဲ့တစ်မြို့ ချက်ပုံချက်နည်းနဲ့ အရသာတူလေ့မရှိတာ ကြောင့် စမ်းစားကြည့်သင့်ပါတယ်။ မနက်စာအတွက်ဆိုရင်တော့ ဗဟိုစျေးက မြို့တွင်းမှာ အစည်းကားဆုံး မနက်စာတန်းပါပဲ။ 

 

လွိုင်ကော်ကို လာလည်တယ်ဆိုတာနဲ့ လွိုင်ကော်တစ်မြို့တည်းတင်မဟုတ်ဘဲ ပြည်နယ်တွင်းက ဒီမောဆိုနဲ့ အခြားမြို့တွေကိုပါ အချိန်ပေးရင်ပေးနိုင်သလောက် လည်ပတ်လို့ရပါတယ်။ မြို့တွင်းမှာဆိုရင် နောင်ယားကန်၊ ကျတ်ဂူ၊ တောင်ကွဲစေတီနဲ့ အခြားစေတီတွေဟာ လည်ပတ်စရာနေရာတွေဖြစ်နိုင်ပြီး နာရီဝက်လောက်သာမောင်းရတဲ့ ဒီမောဆိုမြို့က ငွေတောင်ဆည်၊ ကန်ခုနစ်ဆင့်၊ ထီးပွင့်ကန်တို့ကို လည်ပတ်လို့ရပါတယ်။ 

 

ဒါ့အပြင် ပန်ပက်ရွာကဲ့သို့သော ဒီပြည်နယ်က ကယန်းတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုနေထိုင်ပုံကို လေ့လာနိုင်မယ့်နေရာတွေလည်းသွားရောက်လည်ပတ်လို့ရနိုင်ပါတယ်။ ရေအားလျှပ်စစ်အကြောင်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ လောပိတဟာလည်း မသွားမဖြစ်နေရာတစ်ခု ဖြစ်ပါတယ်။ 

 

ဒါဟာ လွိုင်ကော်မြို့အကြောင်းကို အကျဉ်းချုပ်မျှသာ ဖော်ပြထားခြင်းဖြစ်ပါတယ်။


Comments

  1. လောပိတနှင့် ကျတ်ဂူ တော့ မသွားရသေးပါ။ ဒီမောဆိုး ၊ ဆင်တောင်ရာယ်။

    ReplyDelete
  2. အောင်ပွဲဆင်ပြီးရက် ပထမဆုံးရောက်ချင်တဲ့နေရာက ကယားပြည်နယ်ပါပဲ

    ReplyDelete
  3. COVID 1st wave အပြီး 2nd wave မလာခင် ကယားပြည်ကိုပထမဦးဆုံးရောက်ခဲ့တယ်။ ဖယ်ခုံအင်းထဲလျှောက်လည်ခဲ့တဲ့အချိန်တွေကတော့ မမေ့နိုင်စရာပါပဲ ဒီကာလကြီး လွန်မြောက်ပြီးရင်တော့ နောက်တခေါက်ပြန်လယခဲ့ဦးမယ် ချစ်တဲ့ငွေတောင်ပြည်ရေ..

    ReplyDelete
  4. ရောက်ချင်တယ် ွတိုင်းရင်းသာ​း
    ဒေသတွေကို

    ReplyDelete
  5. ငွေတောင်ပြည်ရေ ကြုံကြိုက်ခဲ့ရင်လာလည်ပါအုံးမည်

    ReplyDelete
  6. အောင်ပွဲနဲ့အတူ လာပါအုံးမည်
    တောင်ဇလပ်မြေကိုရောပေါ့

    ReplyDelete
  7. စည်းလုံးခြင်းသည် အင်အား 💪
    တော်လှန်ရေး အောင်နိုင်ရမည်💪

    ReplyDelete
  8. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete

Post a Comment

Popular posts from this blog