ဆင်ဖြူတောင် သို့မဟုတ် မြန်မာပြည်က New Zealand (English လိုတော့ Little New Zealand လို့ပဲထားတာ ပိုကောင်းမယ်ထင်ပါတယ်) 


နေရာ- ဟိုယာ၊ ဖရူဆိုမြို့နယ်၊ ကယားပြည်နယ်


နောက်ပိုင်း ကျွန်တော်တို့ ခရီးထွက်တဲ့အခါ ဓာတ်ပုံရိုက်လို့ကောင်းမယ့်နေရာ၊ စိတ်အပန်းပြေမယ့် ရှုခင်းနဲ့ ပုံမှန်ခရီးတွေနဲ့မဟုတ်ဘဲ ပိုပြီး စွန့်စွန့်စားစားဖြစ်မယ့် နေရာ စသဖြင့် ၃ မျိုး ၃ သွယ်စဉ်းစားပြီး ရွေးလေ့ရှိကြတယ်။ ဆင်ဖြူတောင်ဟာ ဒီ ၃ ခုလုံးစုဆုံနေတဲ့ နေရာလို့ ကျွန်တော်ကတော့ ညွှန်းချင်ပါတယ်။ 


ဓာတ်ပုံရိုက်လို့ကောင်းပြီး စိတ်အပန်းပြေမယ့် ရှုခင်း


ဆင်ဖြူတောင်ကို ရောက်တာနဲ့ မြင်လိုက်ရမယ့် တောင်တန်းတွေရဲ့ အလှဟာ သင့်ကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ဆွဲဆောင်မှာပါ။ တောင်တွေကလွဲပြီး ဘာမှမရှိဘူးဆိုပေမယ့် သင်ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူတစ်ယောက်ဆိုရင် အချိန် ၂ နာရီ၊ ၃ နာရီဟာ အသာလေး ကုန်သွားပါလိမ့်မယ်။ ဓာတ်ပုံရိုက်လို့ အကောင်းဆုံးနေရာဆိုရင်တော့ ဆင်ဖြူတောင် view point ဖြစ်ပါလိမ့်မယ်။ 


ဆင်ဖြူတောင်ရဲ့ တောင်ကုန်းတစ်ဝှိုက်က ထီးထီးကြီး ပေါက်နေတဲ့ သစ်ပင်မှာလည်း တစ်ယောက်စီး ဒန်းလေး လုပ်ထားပေးပြီး အခြားတစ်ဖက်မှာလည်း နောက်ထပ် ဒန်းတစ်စီးဆင်ထားတာကြောင့်


ဓာတ်ဖမ်းလို့ ကောင်းပါတယ်။ နောက်ပိုင်း ဆင်ဖြူတောင်မှာ pre-wedding ရိုက်သူ၊ pre-graduation ရိုက်သူတွေ များလာခြင်းက ဘယ်လောက်ဓာတ်ဖမ်းလို့ ကောင်းသလဲဆိုတာကို သက်သေတည်နေတာပါပဲ။ 


စွန့်စားလို့ရတဲ့နေရာ 


သူငယ်ချင်းတွေနဲ့ဆိုရင် ဆင်ဖြူတောင်မှာ တဲထိုးပြီး ညအိပ်လို့ ကောင်းပါတယ်။ အိမ်သာနဲ့ ရေအသုံးပြုမှုက အနည်းငယ် ခက်ခဲနိုင်သော်လည်း မေ့မရတဲ့ ညအိပ်ခရီးစဉ်လေးတစ်ခု ဖြစ်သွားမှာ အမှန်ပါပဲ။ မနက်စောစောထပြီး တောင်ပေါ်ကနေ တိမ်ဖြူဖြူတွေကို မြင်နိုင်ပါတယ်။ ဆင်ဖြူတောင်ရဲ့ အလှဆုံးအချိန်ဟာ နေထွက်စအချိန်ဖြစ်တာကြောင့် နေထွက်တာကို မြင်လိုက်တာနဲ့ ညဘက် တဲထိုးအိပ်ခဲ့တာကို နောင်တရတော့မှာမဟုတ်ပါဘူး။ "မနက် ၃ နာရီလောက်ဆိုရင် သရဲခြောက်တတ်တယ်" ဆိုတဲ့ ဇာတ်လမ်းလေးတွေလည်းရှိတာကြောင့် တကယ်ကို စွန့်စားလို့ကောင်းတဲ့ ခရီးစဉ်လေးဖြစ်မှာပါပဲ။


လမ်းခရီး


လွိုင်ကော်ကနေ တစ်ဆင့်သွားမယ်ဆိုရင် ဖရူဆိုကို ရောက်ဖို့ မိနစ် ၄၀ လောက် မောင်းရပါလိမ့်မယ်။ ဆင်ဖြူတောင်ကို ရောက်ဖို့ သွားရတဲ့ လမ်းခရီးဟာ အကွေ့အကောက်များနဲ့ ကြမ်းတမ်းတဲ့ လမ်းခရီးဖြစ်ပါတယ်။ ဒါကြောင့် သက်တောင့်သက်သာဖြစ်တဲ့ ယာဉ်နဲ့ သွားဖို့ လိုပါတယ်။ 


ဖရူဆိုကနေ နာရီဝက်လောက် မောင်းလာပြီးပြီဆိုရင် "ဆင်ဖြူတောင်သို့" ဆိုတဲ့ ဆိုင်းဘုတ်လေးကို တွေ့ရပါလိမ့်မယ်။ နေပူတဲ့အချိန်မှာသွားသွား၊ ဆောင်းရာသီမှာ သွားသွား သေချာတာကတော့ ကားရပ်တဲ့နေရာကနေ တောင်ထိပ်ကို ၁၀ မိနစ်လောက် လျှောက်ရပါလိမ့်မယ်။


အကြံပြုချက်


ဆင်ဖြူတောင်ဟာ တောင်ကတုံးတစ်ခုဖြစ်တာကြောင့် မွန်းတည့်ချိန်နီးလာတာနဲ့အမျှ ပိုပိုပြီး ပူလာတဲ့အတွက် မနက်အစောသွားဖို့ အကြံပြုပါတယ်။ ဆင်ဖြူတောင်ကို မနက် ၇ နာရီလောက် အရောက်သွားနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ စားစရာသောက်စရာအချို့ကို ယူသွားနိုင်ရင်တော့ ပိုအဆင်ပြေပါတယ်။


ဆင်ဖြူတောင်ကနေ မိနစ် ၂၀ လောက်မောင်းရင် ရောက်မယ့် နေရာမှာလည်း ထေးဂေခိုလို့ခေါ်တဲ့ ထင်းရှူးပင်ပုလေးတွေ အများကြီး စိုက်ထားတဲ့ နေရာလည်းရှိတာကြောင့် အချိန်ရပြီး လမ်းကြုံရင် ထေးဂေခိုကိုပါ ဝင်လည်လို့ရတာပေါ့။ 


#KarenniGuys



Comments

  1. သွားချင်တယ် ^^

    ReplyDelete
  2. ဒေသခံတွေ ပြောပြတော့ ပိုသိရတာပေါ့။

    ReplyDelete
    Replies
    1. ညကတင် ဟိုဘက်မှာ ဖတ်သေးတယ်။ E skill တွေ တိုးတော့မယ်။ 😊

      Delete
  3. အလည်လာမယ်နော်

    ReplyDelete
  4. ရောက်ဖူးပြီးပြီ 2020တုန်းက
    တောင်ထိပ်မှာ ညအိပ်ခဲ့တယ်

    ReplyDelete
  5. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
    Replies
    1. ​ရောက်ဖူးချင်ပါ​သေးတယ်

      Delete
  6. Click တချက်ဟာလိုအပ်သူတွေအတွက် အနည်းငယ်သော အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete

Post a Comment

Popular posts from this blog